International News

ပါကစ္စတန်၏ ဝါဈေးကွက် အလားအလာ၊ တင်ပို့ရောင်းချမှုနှင့် ပို့ကုန်ကဏ္ဍ

Last Updated:

ပါကစ္စတန်သည် ကမ္ဘာ့အထည်အလိပ်လုပ်ငန်းကဏ္ဍတွင် စတုတ္ထမြောက် ဝါကုန်ကြမ်း အများဆုံး ထုတ်လုပ်သည့်နိုင်ငံအဖြစ် ရပ်တည်နေပြီး ပြည်တွင်းအထည်အလိပ်လုပ်ငန်း၏ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်သည့်အပြင် ပြည်ပတင်ပို့နိုင်သည်အထိ ထုတ်လုပ်နိုင်သည်ကို တွေ့ရှိရပါသည်။ ဝါသီးနှံသည် ပါကစ္စတန်တွင် အဓိကစိုက်ပျိုးသော သီးနှံဖြစ်ပြီး တောင်သူများအနေဖြင့် ငွေရလွယ်သော သီးနှံဖြစ်သည့်အတွက် စိုက်ပျိုးရန် နှစ်သက်ကြသည်ကို တွေ့ရှိရပါသည်။

ဝါကုန်ကြမ်း (Phutti) များကို အထုပ်ပုံစံ (Bale) ဖြင့် သိုလှောင်ပြီး ထုတ်လုပ်နိုင်မှုကိုလည်း အထုပ်အရေအတွက်ဖြင့် တိုင်းတာခြင်းဖြစ်သည်။ ၂၀၁၉-၂၀၂၀ ခုနှစ်တွင် ပါကစ္စတန်နိုင်ငံ၏ ဝါကုန်ကြမ်း ထုတ်လုပ်မှုနိုင်မှုသည် ၈.၆ million bales အထိ ရောက်ရှိခဲ့ပြီး စံချိန်တင်ခဲ့ပါသည်။

                                                    Grade A 100% Organic Raw Cotton

ပါကစ္စတန် ဝါကုန်ကြမ်း ပုံမှန်ပေါက်ဈေးမှာ ကီလို ၄၀ တစ်ထုပ် (၁ Maund) လျှင် ၄၅၀၀ မှ ၆၅၀၀ ရူပီးအထိ ရှိတတ်ပြီး ဆင့်ဒ်ပြည်နယ်တွင် ၁ Maund လျှင် ၁၃,၅၀၀ မှ ၁၄,၄၀၀ ရူပီး အထိ နှင့် ပန်ဂျပ်ပြည်နယ်တွင် ၁၅,၇၀၀ မှ ၁၆,၀၀၀ ရူပီးအထိ အရောင်းအဝယ်ရှိပါသည်။ (၁ Maund လျှင် ၄၀ ကီလိုဂရမ်ခန့် ရှိပြီး ၁ Bale တွင် ၄.၈ Maunds ခန့် ရှိ)

ယခုအပတ် ပြည်တွင်းဈေးကွက်တွင် မိုးရာသီဖြစ်သောကြောင့် သိသိသာသာ ရောင်းအားမတက်သော်လည်းအရည်အသွေးကောင်းမွန်သောကြောင့် မိုးထိထားသော ဝါများကိုပါ အနည်းငယ်အရောင်းအဝယ်ရှိသည်ကို တွေ့ရှိရပါသည်။ ယခုအပတ်တွင် ဝါသီးနှံများ ထိခိုက်မှုမရှိသော်လည်း မိုးဆက်လက်ရွာသွန်းမည်ဆိုပါက သီးနှံများ ပျက်စီးပြီး ဈေးကွက်ထိခိုက်မည်ဟု ခန့်မှန်းထားကြပါသည်။

လက်ရှိတွင်လည်း ပါကစ္စတန်အနေဖြင့် ဘဏ္ဍာရေးအကျပ်အတည်းနှင့် အထည်အလိပ်လုပ်ငန်း စက်ရုံများ၏ စွမ်းအင်ကုန်ကျစရိတ်မြင့်တက်လာမှုတို့ ကြုံတွေ့နေရပြီး ချည်မျှင်ထုတ်ကုန်များ၏ ဝယ်လိုအားနှင့် ဈေးနှုန်းများ ကျဆင်းလျက်ရှိသည်ကို တွေ့ရှိရပါသည်။ အတိုးနှုန်းများ မြင့်တက်လာသည့်အတွက် ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်တက်လာပြီး ဒေသတွင်းနိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်ရန် ခက်ခဲလာပါသည်။ တစ်ဖက်တွင်လည်း ကမ္ဘာ့ဝါဈေးကွက်တွင် လုပ်ငန်းများ နှေးကွေးလာခြင်းကြောင့် အခက်အခဲများ ပိုမိုကြုံတွေ့လာရပြီး ဈေးကွက်ပျက်ယွင်းနိုင်မည့် အနေအထားများ တွေ့မြင်လာရပါသည်။

ပါကစ္စတန်ကုန်စည်အရောင်းအဝယ်ဈေးကွက်အတွင်း ဝယ်လိုအား ဆက်လက်ကျဆင်းနေမည်ဟု ခန့်မှန်းထားပြီး Karachi Cotton Association က လက်ငင်းဈေးကွက်တွင် ဝါကုန်ကြမ်းဈေးနှုန်းကို ယခင်ထက် ၁၅၀၀ ရူပီး လျှော့ချခဲ့ပြီး ၁၄,၅၀၀ ရူပီး/၁ Maund ဖြင့် နောက်ဆုံးဈေးအပိတ် သတ်မှတ်ခဲ့ပါသည်။

ကမ္ဘာ့ဝါဈေးကွက်သည်လည်း အကျဘက်သို့ ဆက်သွားနေပြီး အမေရိကန် Future Trading က ထုတ်ပြန်သည့် ဝါဈေးနှုန်းမှာ တစ်ပေါင်လျှင် အမေရိကန်ဒေါ်လာ ၀.၈၈ မှ ၀.၈၂ အထိ ကျဆင်းသွားခဲ့ပါသည်။ ချည်မျှင်ထွက်အား အကောင်းဆုံးဖြစ်သော အရည်အသွေးအကောင်းဆုံး အိန္ဒိယဝါသီးနှံ Shankar-6 အမျိုးအစားတွင် ရစ်ပြီးချည်လုံး (cotton candy) တစ်လုံးလျှင် ရူပီး တစ်သိန်းအထိ ဈေးမြောက်ခဲ့သော်လည်း ယခုအပတ်တွင် ၈၅,၀၀၀ ရူပီးသို့ ပြန်လည် ကျဆင်းခဲ့ပါသည်။ အိန္ဒိယတွင် ဝါကုန်ကြမ်း တင်သွင်းမှုကို အောက်တိုဘာလအထိ တိုးမြှင့်ပေးခဲ့ပြီး ပြည်တွင်းထုတ်လုပ်မှု တိုးမြှင့်ရန်လည်း မျှော်လင့်ထားပါသည်။

တရုတ်က ဝါ တန်ချိန် ၃ သိန်းမှ ၅ သိန်းကြား ဝယ်ယူမည်ဟု ကြေညာထားသော်လည်း ဈေးကွက်အတွင်း သိသိသာသာ သက်ရောက်မှုမရှိခဲ့ပါ။   အမေရိကန်စိုက်ပျိုးရေးဌာန (USDA) ၏ အပတ်စဉ် ပို့ကုန်အစီရင်ခံစာအရ ဝါထုပ် (Bale) ပေါင်း တစ်သောင်းကျော်သာ ရောင်းချခဲ့ရပြီး ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ၇၃ ရာခိုင်နှုန်း လျော့နည်းသွားသည်ကို တွေ့ရှိရပါသည်။ ၂၀၂၂ ခုနှစ်အတွက် ကမ္ဘာ့ဝါဈေးကွက်တွင် ဝါထုပ်ပေါင်း ၁၃၉,၀၀၀ ကျော် ရောင်းချခဲ့ပြီး ဖြစ်ပါသည်။

တူရကီသည် ၇၃,၈၀၀ ထုပ်ကျော် တင်သွင်းခဲ့ပြီး ဝါကုန်ကြမ်းတင်သွင်းမှု အများဆုံး၊ ပါကစ္စတန်သည် ၃၃,၉၀၀ ထုပ် တင်သွင်းခဲ့ပြီး ဝါကုန်ကြမ်းတင်သွင်းမှု ဒုတိယ အများဆုံးနှင့် အိန္ဒိယသည် ၁၃,၂၀၀ ထုပ် တင်သွင်းခဲ့ပြီး ဝါကုန်ကြမ်းတင်သွင်းမှု တတိယ အများဆုံးနိုင်ငံ ဖြစ်ပါသည်။

အထူးအခွန် ၁၀ ရာခိုင်နှုန်း ထပ်တိုးကောက်ခံမည့် အကြီးစားစက်မှုလုပ်ငန်းကြီးများတွင် အထည်အလိပ်ကဏ္ဍပါဝင်လာသည့်အတွက် ပါကစ္စတန် အသင့်ချုပ်ပြီးအထည်ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း (Prgmea) က အစိုးရ၏ အခွန်စည်းကြပ်ခြင်းအပေါ် မကျေနပ်မှုများ ရှိခဲ့ပြီး ပါကစ္စတန်၏ အထည်ချုပ်လုပ်ငန်းမှ တန်ဖိုးအားဖြင့် ၇.၆ ဘီလီယံအထိ တင်ပို့နိုင်ခဲ့သည့်အတွက် အထည်အလိပ်ထုတ်လုပ်မှုကဏ္ဍတွင် အရေးပါပြီး ဆက်လက်ချဲ့ထွင်ရမည့် အလားအလာအကောင်းဆုံး ဈေးကွက်တစ်ခုအဖြစ် ထည့်သွင်းစဉ်းစားသင့်သည့်အချက်များကို အလေးပေးဆွေးနွေးစေလိုကြောင်း ဖော်ပြခဲ့ပါသည်။ သွင်းကုန်များအတွက် ကုန်ပစ္စည်းထုတ်ယူပြီးမှ အခွန်ပေးဆောင်စေခြင်း (Deferred payment)၊ ပို့ကုန်လုပ်ငန်းရှင်များအတွက် အခွန်ငွေများ ပြန်လည်ပေးအပ်မည့် DLTL အစီအစဉ်နှင့် EU မှ ပေးအပ်သော အကောက်ခွန်သက်သာခွင့် GSP+ ဆက်လက်ရရှိရေးအတွက် ဆောင်ရွက်ရမည့်ကိစ္စရပ်များအပြင် ပါကစ္စတန်ပို့ကုန်ကဏ္ဍတွင် အထည်အလိပ်တင်ပို့မှုက အရေးပါသည့်အတွက် အခွန်ကိစ္စကို ပြန်လည်စဉ်းစားပေးစေလိုကြောင်းနှင့် စက်မှုလုပ်ငန်းကဏ္ဍအပေါ် ထိခိုက်မှု ပိုမိုဖြစ်ပေါ်စေမည်ဟု ပြောကြားခဲ့ပါသည်။

နိုင်ငံ၏ ဝင်ငွေရလမ်းကြောင်းတွင် အရေးပါသော ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်း သန်းပေါင်းများစွာကိုလည်း ဖန်တီးပေးထားပြီးဖြစ်ရာ အခွန်ကင်းလွတ်ခွင့်များ ခံစားခွင့်ရှိသော်လည်း လက်ရှိတွင် ကုမ္ပဏီဝင်ငွေခွန်အပြင် အထူးအခွန်အပါအဝင် ၃၉ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ပြီး Refund Payment Order များအတွက်လည်း ပေးချေခြင်းမရှိသောကြောင့် အခက်အခဲများစွာ ကြုံတွေ့နေသည့် အခြေအနေဖြစ်ပါသည်။

အထည်အလိပ်ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးလုပ်ကိုင်ရာတွင် ကုန်ကျစရိတ်သက်သာစေရန်နှင့် ယှဉ်ပြိုင်နိုင်စွမ်း မြင့်လာစေရန် စာရွက် စာတမ်း များစွာမလိုသည့် ပိုမို ရိုးရှင်းလွယ်ကူသော လုပ်ထုံးလုပ်နည်းများ ဆောင်ရွက်ပေးရန် တောင်းဆိုထားကြပြီး Duty Drawback of Taxes (DDT) စနစ်ဆောင်ရွက်မှု နှောင့်နှေးနေပြီး အခက်အခဲကြုံနေရသော အသေးစားအလတ်စားလုပ်ငန်းများကိုပါ အထောက်အပံ့ကောင်းများ ပေးအပ်ရန် လိုအပ်နေပါသည်။

အထည်အလိပ်ထုတ်လုပ်မှုကဏ္ဍသည် ပိုမိုကြီးမားသော စျေးကွက်ဝေစုကို ရယူရန်နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် အရေးပါသောကဏ္ဍတစ်ခုအဖြစ် ဆက်လက်ရှိနေရန် အခွင့်အလမ်းကောင်းများ ရှိပြီးဖြစ်သော်လည်း လျှပ်စစ်၊ နည်းပညာ၊ ထုတ်ကုန်အမျိုးအစားနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များနှင့် စပ်လျဉ်းသည့် ပြုပြင်ပြောင်းလဲမှုများ လိုအပ်နေပါသည်။ ဒေသတွင်းနိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်ရန် ကြိုးပမ်းရမည်ဖြစ်ပြီး ကမ္ဘာ့ဈေးကွက်တွင်ပါ နေရာရယူနိုင်ရန် ဆက်လက်ကြိုးပမ်းရမည်ဖြစ်ပါသည်။

 

 

 

 

လဲ့လဲ့နှင်း (MYANTRADE)

Source: Business Recorder

https://www.brecorder.com/news/40186461

 

Category: International News